အလုပ်ကြောင့် ရလာတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လို ထိန်းချုပ်မလဲ
ကျောင်းသားဘဝမှာလည်း ကျောင်းသားအလျောက် စာတွေနဲ့ နပန်းလုံးရင်း ပညာတွေကို စိတ်ဖိစီးမှုတွေနဲ့ အတူသင်ယူရသလို၊ ပညာစုံလင်ပြီး လူလားမြောက်လာလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရင်း ရှင်သန်ရပ်တည်ဖို့ အလုပ်လုပ်ကြရပါတယ်။ အလုပ်ရယ်လို့ လုပ်ပြီဆိုရင်တော့ ဘယ်လောက်ပဲ ကိုယ်ဝါသနာပါနေတဲ့ အလုပ်ပဲဖြစ်ပါစေ၊ အလုပ်ခွင်ပတ်ဝန်းကျင်က ကောင်းနေပါစေ အလုပ်ကြောင့်ရလာတဲ့ စိတ်ဖိစီးမှုတွေ၊ အလုပ်မှာရှိနေတဲ့သူတွေကနေ ပေးတဲ့ စိတ်ညစ်စရာတွေ၊ Customer တွေဆီကနေ ဝင်လာတတ်တဲ့ ပြဿနာတွေကို အမြဲလိုလို ကြုံတွေ့ခံစားနေရမှာပါ။
ဒီလို စိတ်ဖိစီးမှုတွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရပြီး ကိုယ်တိုင်က မဖြေရှင်း၊ ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားရင်တော့ စိတ်ဖိစီးမှုတွေက ပုံသထက်ပုံလာလို့ ကိုယ့်စိတ်ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ကနေ မကြာခဏ စိတ်ဖိစီးမှုဝေဒနာတွေ ခံစားနေရသူတွေအနေနဲ့ အခုပြောပြပေးသွားမယ့် နည်းလမ်းတွေနဲ့ ကိုယ့်စိတ်ကို ကုစားကြည့်ဖို့၊ ကိုယ့်တစ်နေ့တာဘဝကို သက်သောင့်သက်သာဖြစ်စေဖို့ ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။
၁။ အလုပ်ခွင်မှာ မကြာခဏဆိုသလို ကိုယ့်ကိုယ်ကို အနားပေးပါ။ ကိုယ့်အလုပ်က နည်းနည်း Flexible ဖြစ်တယ်ဆိုရင် အလုပ်တောက်လျှောက်လုပ်နေမယ့်အစား ၂ - ၃ နာရီခြားတစ်ခါ ဆယ်မိနစ်လောက် Short Break ယူရင်း ကိုယ့်ကိုယ်ကို အနားပေးသင့်ပါတယ်။ Short Break အချိန်တွေမှာ ထမင်း၊ မုန့်တစ်ခုခုစားတာ၊ ကော်ဖီသောက်တာ၊ လမ်းပတ်လျှောက်တာ၊ မျက်စိခဏမှိတ်ရင်း အနားယူတာ၊ အဝေးတစ်နေရာကို ငေးကြည့်တာ၊ ကိုယ်ချစ်ရသူတွေနဲ့ စကားပြောတာမျိုး လုပ်ပေးနိုင်ပါတယ်။
၂။ ကိုယ်ပိုင်အချိန် ပေးဖို့မမေ့ပါနဲ့။ ဘယ်လောက်ပဲ အလုပ်ကအရေးကြီးနေပါစေ၊ ကိုယ့်အတွက် အနားယူဖို့၊ စိတ်အပန်းဖြေဖို့ အချိန်ပေးဖို့ မမေ့သင့်ပါဘူး။ ဒီလိုကိုယ်ပိုင်အချိန်မှာ အလုပ်နဲ့လုံးဝမသက်ဆိုင်တဲ့ ဝါသနာပါတာ၊ ကိုယ့်အတွက် စိတ်အပန်းဖြေစေမယ့် သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ ကိုယ့်အတွက် အကျိုးရှိစေမယ့် အတတ်ပညာ၊ ဘာသာစကားတစ်ခုခု သင်ယူတာမျိုး လုပ်သင့်ပါတယ်။ အသက်ရှင်ရပ်တည်ဖို့အတွက် အလုပ်ကြိုးစားသင့်တယ်ဆိုပေမဲ့လည်း ကိုယ့်တစ်နေ့တာလုံး အလုပ်ကိုပဲ ဖိပြီးလုပ်နေလို့ ကိုယ့်အတွက် ဘာအကျိုးကျေးဇူးမှ မရှိပါဘူး။
၃။ အလုပ်မှာ အဆင်မပြေဖြစ်တဲ့ ပြဿနာတွေကို ကိုယ့် Team Leader ဒါမှမဟုတ် HR နဲ့ တိုင်ပင်ပြောပြပါ။ ဖြစ်နေတဲ့ပြဿနာ အကြောင်းရင်းခံနဲ့ ဘယ်လိုသက်သာအောင် ကူညီဖြေရှင်းပေးလို့ရမလဲဆိုတာကို အလုပ်ခွင်က တခြားသူတွေ၊ ကိုယ့်အထက်လူကြီးနဲ့ တိုင်ပင်တာက ကိုယ့်အတွက် သင့်တော်မယ့် အဖြေတစ်ခုကို ပိုပြီးလွယ်လွယ်ကူကူ ရှာပေးနိုင်မှာပါ။ အဆင်မပြေတာကို ပြေပါတယ်ဆိုပြီး ကြိတ်မှိတ်သည်းခံရင်း ဆက်လုပ်နေဖို့တော့ မလိုပါဘူး။
၄။ အားလပ်ရက်တွေမှာ ခရီးပုံမှန်သွားပေးပါ။ ခရီးသွားခြင်းက ကိုယ့်အတွက် စိတ်ပြေလက်ပျောက် အပန်းဖြေဖို့အတွက်တင်မဟုတ်ဘဲ တစ်နေ့တစ်နေ့ မြင်နေရတဲ့ စိတ်ဖိစီးမှုတွေ၊ ပတ်ဝန်းကျင်နဲ့ ကွင်းဆက်လိုဖြစ်နေတဲ့ ပြဿနာတွေ၊ လူတွေနဲ့ ဝေးရာကို ခဏတာပြေးထွက်ရင်း ကိုယ့်စိတ်ကို ထွက်ပေါက်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ခရီးပုံမှန်ထွက်ပေးရင်း ကိုယ့်ရဲ့ တီထွင်ဖန်တီးဉာဏ်ကို သွေးပေးသင့်သလို စိတ်နဲ့ခန္ဓာကိုယ်ကိုလည်း သေချာအနားပေးဖို့ မမေ့သင့်ပါဘူး။
၅။ ကိုယ့်အတွက်ကိုယ် ပြန်တွေးကြည့်ပါ။ မလွှဲသာတဲ့ အကြောင်းရင်းတွေကြောင့် အလုပ်လုပ်ရတယ်ဆိုပေမယ့် စိတ်ဖိစီးမှုတွေ ဝင်လာတဲ့အခါ တစ်ဖက်ကနေ ကိုယ့်စိတ်နဲ့ ခန္ဓာကျန်းမာရေးကို ပြန်ပြီးဂရုစိုက်ပေးဖို့ လိုအပ်လာပါပြီ။ ဒီအတွက် အစာအာဟာရ သေချာစုံလင်အောင် စားပေးတာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် လေ့ကျင့်ခန်း၊ အားကစားပုံမှန်လုပ်ပေးတာ၊ ချစ်ရသူတွေနဲ့ အတူရှိပေးတာ၊ လျှောက်လည်တာ၊ အချိန်ပေးတာမျိုး၊ အိပ်ချိန်မှန်အောင် အိပ်စက်အနားယူပြီး စိတ်ဖိစီးမှုတွေ လျှော့ချပေးတာမျိုး လုပ်နိုင်ပါတယ်။
၆။ ညအိပ်ကာနီးမှာ တရားထိုင်ပေးပါ။ အရင်ကပြောဖူးသလိုပါပဲ၊ တရားထိုင်ခြင်းဟာ ဘာသာရေးအတွက်တင်မဟုတ်ဘဲ စိတ်ကိုပါ တည်ငြိမ်အေးချမ်းစေလို့ စိတ်ဖိစီးမှုများသူတွေအနေနဲ့ တရားထိုင်တာမျိုး ပုံမှန်လုပ်ပေးသင့်ပါတယ်။ အကယ်လို့ တရားထိုင်တာမကြိုက်ဘူးဆိုရင် ယောဂလေ့ကျင့်ခန်းလုပ်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာမျိုးနဲ့ အစားထိုးပေးနိုင်ပါတယ်။ ပြီးသွားရင် ရေနွေးနွေးလေးနဲ့ ချိုးပေးရင်း ညဘက်ကို သက်သောင့်သက်သာ အိပ်စက်အနားယူပေးရင်တော့ ပိုကောင်းပါတယ်။
အလုပ်ကြိုးစားလုပ်လို့ ကိုယ့်ဘဝတက်လမ်းအတွက် အကျိုးရှိတာမှန်ပေမဲ့ ကိုယ့်ကျန်းမာရေးကို ထိခိုက်ရလောက်တဲ့အထိတော့ ဒုက္ခခံနေစရာမလိုပါဘူး။ အဲဒီအစား ကိုယ့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတွေကို သေချာသတ်မှတ်ဖော်ထုတ်ရင်း ဒီအရာတွေကို ဘယ်လိုဖြေရှင်းရမလဲ၊ ဘယ်လိုအသားကျအောင် နေရမလဲ၊ ဖြစ်လာတဲ့အခါ ကိုယ့်စိတ်ကို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် စိတ်ကိုဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေနိုင်ရင်တော့ ရေရှည်မှာ ကောင်းကျိုးပိုများပါတယ်။
အကယ်လို့ တစ်နေ့တာမှာ စိတ်ဖိစီးမှုတွေများလွန်းလို့ သေချာကုသပေးဖို့၊ ထိန်းချုပ်ပေးဖို့ အကူအညီလိုလာပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြသကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်